အပူဒါဏ်ကြောင့် ကလေးတွေမှာ ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာ အထွေထွေ
နွေရာသီဆိုတာက လူကြီးတွေကိုပဲ ကျန်းမာရေး ထိခိုက်စေတာ မဟုတ်ပါဘူး။ ကလေးတွေကိုလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ နွေရာသီမှာ ပူပြင်းမှု စိုထိုင်းဆိ များမှုတွေကြောင့် ကလေးတွေမှာလည်း အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒါဆိုရင် နွေအပူကြောင့် ကလေးတွေမှာ ဘယ်လို ကျန်းမာရေးကိစ္စတွေ ဖြစ်နိုင်လဲ? ဘယ်လိုတွေ သတိထားရမလဲ? ဆိုတာကို ဒီကနေတဆင့် ပြောပြပေးလိုက်ပါတယ်။
နွေပူပူမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာ အထွေထွေ
ပူပြင်းတဲ့ နေရောင်နဲ့ အချိန်ကာလကြာရှည်စွာ ထိတွေ့မိတာက ခြေကုန်လက်ပမ်းကျစေတာ၊ ခေါင်းကိုက်တာ၊ မူးဝေတာ၊ အပူလျှပ်တာလိုမျိုး ကျန်းမာရေးကိစ္စ အဝဝကို တွေ့ကြုံ ခံစားရနိုင်ပါတယ်။ ဒါတွေအပြင် ခံစားရနိုင်သေးတာတွေကတော့ စာလေးဆုံးအောင် ဖတ်ကြည့်ရင်း လေ့လာလိုက်တော့နော်။
အစာအဆိပ်သင့်တာ - နွေရာသီမှာ သန့်ရှင်းမှု အားနည်းတဲ့ အစားအစာတွေ သောက်သုံးရေတွေကို အသုံးပြုမိ စားသောက်မိတာတွေကြောင့် အစာအဆိပ်သင့်တာက အခြားအချိန်တွေထက် အဖြစ်များပါတယ်။ ပူနွေးစိုထိုင်းတဲ့ ရာသီဥတုက ဘက်တီးရီးယားတွေကို ပေါက်ဖွားစေပြီး အစာတွေကို အဆိပ်သင့်စေနိုင်ပါတယ်။ အစာအဆိပ်သင့်တဲ့အခါ ဗိုက်အောင့်တာ၊ မအီမသာဖြစ်တာ၊ ဝမ်းပျက်တာ၊ အော့အန်တာတွေကို ဖြစ်စေနိုင်ပါတယ်။
ရေဓာတ်ခမ်းခြောက်တာ - နွေရာသီမှာ ကလေးတွေက ရေနဲ့ ဆားဓာတ်တွေကို ပုံမှန်ထက် ပိုဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် ရေဓာတ်ခမ်းခြောက်မှုတွေ ဖြစ်ရတာပါ။ ရေဓာတ်ပြည့်ဝစေဖို့ဆိုရင် ရေများများ သောက်ဖို့ လိုပါမယ်။ ရေပဲ မသောက်ချင်တဲ့အခါ ကလေးကို အုန်းစိမ်းရည်၊ နို့၊ သံပရာရည်စတာတွေကို တိုက်ပေးလို့ ရပါတယ်။
နေလောင်တာ - နွေရာသီမှာ နေရောင်ကို အခြားအချန်တွေထက် ပိုမို ထိတွေ့တာ နေရဲ့ အပူချိန်က ပြင်းထန်တာတွေကြောင့် အရေပြားမှာ နီမြန်းတာ၊ ရောင်ရမ်းတာ၊ အရည်ကြည်ဖုထတာတွေ၊ အရေပြား အဖက်လန်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို အပြင် ထွက်ကစားခါနီးတိုင်းမှာ နေလောင်ကာခရင်မ် လိမ်းပေးပါ။ မနက် ၁၁ နာရီ ကနေ ၄ နာရီအတွင်း အပြင်ထွက်ဆော့တာမျိုး မလုပ်ခိုင်းပါနဲ့။
အင်ပြင်ထတာ - အရေပြားမှာ နီမြန်းပြီး ပိုးဝင်ကူးစက်တာ ဓာတ်မတည့်တာတွေကို ဖြစ်စေနိုင်ပါတယ်။ နှင်းခူရှိမယ်ဆိုရင်လည်း ကလေးအရေပြား ပြဿနာက နွေရာသီမှာ ပိုဆိုးနိုင်ပါတယ်။ ချွေးထွက်များတာ၊ နေရောင်နဲ့ ထိတွေ့မိတာ၊ အဆီထွက်များတာတွေကြောင့် အင်ပြင် အဖြစ်များပါတယ်။ ဆရာဝန်နဲ့ သေချာ ဆွေးနွေးပြီး ကုသမှု ခံယူပေးပါ။
ရေကတဆင့် ကူးစက်တဲ့ရောဂါတွေ - မသန့်ရှင်းတဲ့ သောက်သုံးရေတွေကြောင့် တိုက်ဖွိုက်ရောဂါ၊ ဝမ်းပျက်တာ၊ ကာလဝမ်းရောဂါ၊ အသည်းရောင်အသားဝါ စတဲ့ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကလေးကို သွားလေရာကို ရေဘူးလေး သယ်သွားစေပြီး မသန့်ရှင်းတဲ့ရေကို မသောက်မိအောင် ဂရုစိုက်ပါ။
မျက်စိနာတာ - မျက်လုံးမှာ နီမြန်းရောင်ရမ်းပြီး ယားယံတာမျိုးတွေ ခံစားရနိုင်ပါတယ်။ နေအပူနဲ့ ဖုန်မှုန့်တွေကြောင့် မျက်စိကို ပိုးဝင်တာမျိုး ဖြစ်နိုင်ပါတယ်။ ကလေးရဲက မျက်လုံးကို သေချာလေး ဂရုစိုက် သန့်စင်ပေးဖို့ လိုပါမယ်။ မျက်လုံးကို ခဏခဏ ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ဖြစ်အောင် ဂရုစိုက်ပါ။
ဆီးလမ်းကြောင်း ပိုးဝင်တာ - ဆီးလမ်းကြောင်း ပိုးဝင်တာကလည်း နွေရာသီမှာ ကလေးတော်တော်များများ ခံစားရတဲ့ ကျန်းမာရေး ကိစ္စ တစ်ခုပါ။ ရေသောက်နည်းတာကြောင့် ဖြစ်နိုင်သလို တစ်ကိုယ်ရေ သန့်ရှင်းရေး အားနည်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ဖို့ လိုသလို ရေလုံလောက်အောင် သောက်ဖြစ်ဖို့လည်း ဂရုစိုက်ဖို့ လိုပါမယ်။
မွန်မွန်